၁၄.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၃ မိနစ်) အခွင့်အရေးရလာရင်တော့ ကျွန်တော့်ဘက်က အပြည့်အဝ ဆုပ်ကိုင်သွားမှာပါ ဆိုတဲ့ အဘရာဟမ် ရဲ့စကား


စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာရရှိသွားမှုဟာ စပါးအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ ပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက်တော့ ထိုးနှက်ချက်မဟုတ်ခဲ့ပါဘူး။ ဘာြဖစ်လို့လဲဆိုတော့ ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး ကစားသမား ၅ ဦးမှာ အင်္ဂလန်တိုက်စစ်မှူး ၄ ဦး အထိ ပါဝင်နေတဲ့အတွက်ပါ။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပြင်းထန်လှတဲ့ ပေါင်ခြံဒဏ်ရာကြောင့် ဒီနှစ်ဘောလုံးရာသီအကုန် အထိ အနားယူရနိုင်သလို ယူရို ၂၀၂၀ ပြိုင်ပွဲကိုပါ လွဲချော်နိုင်ချေ ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါပေမဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကတော့ အရန်တိုက်စစ်မှူး အင်အားတောင့်တင်းနေတဲ့အတွက် ဟယ်ရီကိန်းရဲ့ ဒဏ်ရာကြောင့် စိုးရိမ်မှု မရှိဘူးလို့ သိရပါတယ်။

ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးစာရင်းမှာတော့ အင်္ဂလန်လက်ရွေးစင်အသင်း ကနေ အနားယူသွားခဲ့တဲ့ လက်စတာတိုက်စစ်မှူး ဗာဒီက သွင်းဂိုး ၁၇ ဂိုးနဲ ဦးဆောင်လျက်ရှိပါတယ်။ ဗာဒီရဲ့ အနောက်မှာ ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင့်စ်နဲ့ ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့က သွင်းဂိုး ၁၄ ဂိုးနဲ့ အသီးသီး ရပ်တည်နေလျက်ရှိပါတယ်။

ချယ်လ်ဆီးတိုက်စစ်မှူး အဘရာဟမ်ကလည်း ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးစာရင်းမှာ သွင်းဂိုး ၁၃ ဂိုး နဲ့ တတိယနေရာမှာ ရှိနေတာကြောင့် အင်္ဂလန်အသင်းအနေနဲ့ ဟယ်ရီကိန်းကို လက်လွှတ်လိုက်ရမယ်ဆို ရင်တောင် အထောင်တိုက်စစ်မှူး မရှားတဲ့အနေအထားမှာ ရောက်ရှိနေပါတယ်။ ချယ်လ်ဆီးတိုက်စစ်မှူး အဘရာဟမ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲ ၂ ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးစတင်ကစားခွင့်ရရှိခဲ့ပြီး ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။

လတ်တလော သတင်းတွေအရ အင်္ဂလန်လက်ရွေးစင်အသင်းဟာ ဟယ်ရီကိန်းနေရာအတွက် ဗာဒီကိုပါ ပြန်လည်ဆင့်ခေါ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ မနေ့က အင်တာဗျူးတစ်ခုမှာတော့ အဘရာ ဟမ်က ရက်ရှ်ဖို့ဒ်၊ ဒန်နီအင့်စ်နဲ့ ဂျေမီဗာဒီတို့ဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းတွေ ပြသနေတာ မှန်ပေမယ့် လာမယ့် ယူရို ၂၀၂၀ မှာ လက်ရွေးစင်အသင်းနဲ့ ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးမှန်သမျှ အမိအရ ဆုပ်ကိုင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

အဘရာဟမ်က “အသင်းတစ်သင်းမှာ ပွဲထွက်ခွင့်အတွက် တိုက်ခိုက်မှုကတော့ ရှိနေမှာပါ။ ဒါဟာ ကမ္ဘာ့ ဘောလုံးလောက ဖြစ်ပြီး ကိုယ့်အတွက်လည်း အခွင့်အရေးလည်း ရှိနေပါတယ်။ အခု ပရီးမီးယားလိဂ်ကို ကြည့်ရင် ရက်ရှ်ဖို့ဒ်၊ ဒန်နီအင့်စ် အစရှိတဲ့ တိုက်စစ်မှူးတွေကလည်း ဂိုးတွေသွင်းယူနေပါတယ်။ ဂျေမီဗာဒီ ဟာလည်း နောက်ထပ်အရည်အသွေးရှိတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်”

“ကျွန်တော်ဟာ အမြဲတမ် မျှော်လင့်ချက်ကြီးကြီးမားမားထားတတ်ပြီး ဒီစိတ်က အမြဲကိန်းအောင်းနေ တတ်ပါတယ်။ အင်္ဂလန်အသင်းရဲ့ ပွဲစဉ်တွေကို ကြည့်ရှုပြီး ကြီးပြင်းလာတာကြောင့် အရွယ်ရောက်လာရင် လက်ရွေးစင်အသင်းအတွက် ကစားခွင့်ရဖို့ အမြဲမျှော်လင့်ခဲ့တာပါ။ ဒါကြောင့်မို့ အခွင့်အရေးရလာရင် တော့ ကျွန်တော့်ဘက်က အပြည့်အဝ ဆုပ်ကိုင်သွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။ 


Comments