၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၈ မိနစ် ) မက်ဆီ စံချိန် လိုက်မီရန် ရော်နယ်ဒို အခြေအနေကောင်းဟုဆို


ဂျူဗင်တပ်စ်အသင်းအတွက် နောက်ဆုံး ၁၄ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြနေတဲ့ ရော်နယ်ဒိုအတွက် ၂၀၂၀ ပြည့်နှစ်အတွင်း ကလပ်နဲ့ နိုင်ငံအသင်းအတွက် ပွဲတော်တော်များများ ကစားရဖို့ ကျန်ရှိနေသေးတာကြောင့် မက်ဆီရဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား စံချိန်ကို လိုက်မီနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ ဥရောပမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ 
အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ အခုနှစ် ဘောလုံးရာသီမှာ ဂိုးမြူးနေတယ်လို့ ဆိုနိုင်ပြီး မနှစ်က တရာသီလုံးပေါင်း သွင်းဂိုး ၂၁ ဂိုးထက်လည်း ကျော်လွန်ဖို့ နီးစပ်နေပါတယ်။ 
၁၄ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းယူနိုင်တဲ့ ကစားသမားဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ရော်နယ်ဒိုအပြင် မရှိဘူးလို့ နာမည်ကြီး Goal.com ဖော်ပြထားပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ‌ဒဏ်ရာပြဿနာတွေ ရှိခဲ့လို့ ခြေစွမ်းပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိခဲ့ပြီး ဘလွန်ဒီအောဆုနဲ့လည်း လွဲချော်ခဲ့ရသူ ဖြစ်ပါတယ်။

Comments